♦ ဟော်မုန်းဆိုတာဘာလဲ ?
လူတိုင်းရဲ့ခန္ဓာကိုယ်မှာ ဟော်မုန်းဆိုတာရှိပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလို လက်ဆုပ် လက်ကိုင်ပြလို့ မရပေမယ့် သူရဲ့ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်တွေက လူတစ်ယောက်ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ဟော်မုန်းဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသော သွေးများမှတဆင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီကိုရောက်ရှိပြီး ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ ဖြစ်စဉ်တွေဖြစ် တဲ့ နေ့စဉ်ဇီ၀ဖြစ်စဉ်၊ မျိုးပွားမှုဖြစ်စဉ်တွေကို ပုံမှန်ဖြစ်အောင် ဆောင်ရွက်ပေးပါတယ်။
လိင်ဟော်မုန်းတွေဖြစ်တဲ့ (အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်း၊ တက်စတိုစတီရုန်း)၊ သိုင်းရွိက် (နေ့စဉ် ဇီ၀ဖြစ်စဉ် အတွက် လိုအပ်တဲ့ဟော်မုန်း)၊ အဒရီနယ်လင် (စွမ်းအင်ပေးတဲ့ဟော်မုန်း)၊ ကော်တီဇော (စိတ်ဖိစီးမှုဟော်မုန်း)၊ မယ်လတိုနင် (အိပ်စက်ခြင်းဆိုင်ရာဟော်မုန်း) စတဲ့ ဟော်မုန်းတွေဟာ ခန္ဓာကိုယ်မှာအတက်အကျ အရှိဆုံးဟော်မုန်းတွေဖြစ်ပါတယ်။
♦ အမျိုးသားများထက်ပို၍ အမျိုးသမီးများ ဟော်မုန်းမညီမျှမှုကို ပိုခံစားရ
အမျိုးသမီးတွေမှာက ရာသီလာခြင်း၊ ကိုယ်၀န်ဆောင်ခြင်း၊ သွေးဆုံးခြင်း စတဲ့ဖြစ်စဉ်တွေနဲ့ ရင်ဆိုင် ကြုံတွေ့ရတာကြောင့် အမျိုးသားတွေထက် ဟော်မုန်းအတက်အကျ ပိုဖြစ်လေ့ရှိပါတယ်။ ဟော်မုန်းမတည် မငြိမ်ဖြစ်တာကို ရာသီလာချိန်မှာ ကိုယ်ရဲ့စိတ်ခံစားချက်၊ ခန္ဓာကိုယ်သက်တောင့်သက်သာ ရှိ/မရှိ ကို သတိထားကြည့်ခြင်းဖြင့် အကြမ်းဖျင်း သိနိုင်ပါတယ်။
ကိုယ်ရောစိတ်ပါလန်းဆန်းပြီး အခြားသော ကျန်းမာရေးပိုင်းဆိုင်ရာ မထိခိုက်ဖို့အတွက် ဟော်မုန်း ညီမျှဖို့ လိုပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းမတည်မငြိမ်ဖြစ်ပါက ဘယ်လို လက္ခဏာလေးတွေ ပြသနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။
1. ပေါင်ချိန်တက်လိုက်၊ ကျလိုက်ဖြစ်ခြင်း
ခန္ဓာကိုယ်အတွက် နေ့စဉ်ဇီ၀ဖြစ်စဉ်ကိုမှန်စေတဲ့ဟော်မုန်းကို သိုင်း ရွိက်ဂလင်းမှ ထုတ်ပေးပါတယ်။ ချမ်းတုန်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ အသားရေခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း စတဲ့ လက္ခဏာတွေဟာ သိုင်းရွိက် ဂလင်းမှ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းထက်နည်းပြီး ထုတ်ပေးနေကြောင်း ပြသတဲ့အချက်တွေ ဖြစ် ပါတယ်။
2. နုံးခွေခြင်း
တစ်ကိုယ်လုံးမလှုပ်ချင်၊ မသယ်ချင်ဖြစ်အောင်ထိုင်းမှိုင်းနေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားရခြင်း ဟာ ဟော်မုန်းမညီမျှခြင်းရဲ့ လက္ခဏာရပ်ပါ။ ပင်ပန်းနွမ်းလျခြင်းဟာ ကော်တီဇော (စိတ်ဖိစီးမှုဟော်မုန်း) နဲ့ သက်ဆိုင်ပါတယ်။ ကော်တီဇော level အဆင့်မြင့်တဲ့အခါ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရိုတိုနင်ဟော်မုန်း ထွက်မလာနိုင်တော့ပါဘူး။ ဒါကြောင့် ကော်တီဇော level တွေမြင့်မသွားဖို့အတွက် ဖိစီးမှုဖြစ်လာရင် ဘယ်လိုတွန်းလှန်ရမယ်ဆိုတဲ့ နည်းလေးတွေကို လေ့လာထားသင့်ပြီး ကိုယ့်စိတ်ကိုအမြဲပျော်ရွှင်အောင်၊ တက်ကြွနေအောင် အတတ်နိုင်ဆုံးကြိုးစားသင့်ပါတယ်။ ပင်ပန်းနွမ်းလျခြင်းဟာ သိုင်းရွိက်ဟော်မုန်း အထွက်နည်းလွန်းခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။
3. ချွေးထွက်လွန်၍ ပူနွေးခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း
ချွေးထွက်ခြင်း၊ နှလုံးတုန်ခြင်း၊ ခန္ဓာကိုယ်ကျင်ခနဲဖြစ်ခြင်းနဲ့အတူတွဲလျက် ခန္ဓာကိုယ်မှာရုတ်တရက် ပူနွေးသလိုခံစားရခြင်းဟာ ဟော်မုန်းမညီမျှခြင်း ဖြစ်နေကြောင်းပြတာဖြစ်ပြီး ညဘက်ချွေးထွက်ခြင်း ဟာလည်း ဟော်မုန်းမညီမျှခြင်းကြောင့် ဖြစ်ရတယ်ဆိုတာကို သတိမူသင့်ပါတယ်။ ဟော်မုန်းမညီမျှခြင်းဟာ အီစထရိုဂျင် (လိင်ဟော်မုန်း) ကို အနှောင့်အယှက်ပေးပြီး ယင်းအီစထရိုဂျင် ထွက်နှုန်းကိုလည်း လျော့နည်းစေ ပါတယ်။ ဒီလိုအီစထရိုဂျင်နည်းခြင်း၊ များခြင်းဟာ ခန္ဓာကိုယ်အပူချိန်အပါအ၀င် ခန္ဓာကိုယ်လုပ်ဆောင်ချက် များစွာကို ထိန်းချုပ်ရာမှာ တာ၀န်ယူဆောင်ရွက်ပေးတဲ့ ဦးနှောက်ရှိ Hypothalamus အပိုင်းကို သက်ရောက်မှုရှိစေတာကြောင့် ခန္ဓာကိုယ်တွင် အပူချိန်လွန်ကဲခြင်း၊ ချွေးထွက်လွန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
4. မျက်စိကြောင်ခြင်း
မျက်စိကြောင်ပြီး အိပ်မပျော်နိုင်တာဟာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ အိပ်မပျော်နိုင်သည့်ရောဂါဖြစ်ရခြင်းဟာ အီစထရိုဂျင်ဟော်မုန်း၊ ပရိုဂျက်စတီရုန်းဟော်မုန်းတွေနဲ့ သက်ဆိုင် ပါတယ်။ ပရိုဂျက်စတီရုန်းဟော်မုန်းဟာ ငိုက်မျဉ်းခြင်းကို ဖြစ်စေတတ်ပေမယ့် ၄င်း ဟော်မုန်း level ထိုးကျသွားပါက နိုးကြားတက်ကြွခြင်းကို ဖြစ်စေနိုင်တယ်လို့ လေ့လာချက်တွေအရ သုတေသီတွေက ဖော်ပြ ထားကြပါတယ်။ ထို့အတူ အီစထရိုဂျင်ဟော်မုန်း ထွက်နှုန်းနည်းသွားမယ်ဆိုလည်း အိပ်ချိန်လျော့နည်း သွားစေတတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းများခြင်းနဲ့ မျက်စိကြောင်ခြင်းဟာ တိုက်ရိုက် ဆက်စပ်မှုရှိပါတယ်။
5. ဆံပင်ကျွတ်ခြင်း
အမျိုးသားများမှာ ဆံပင်ကျွတ်လို့ ထိပ်ပြောင်သူအများစုရှိတတ်ပေမယ့် အမျိုးသမီးတွေမှာက သွေးဆုံးခါ နီးချိန်၊ ကိုယ်၀န်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက်မှာ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ဆံပင်ကျွတ်ထွက် တတ်ကြပါတယ်။ ဒါဟာအမျိုးသမီးများမှာ ရှိတတ်တဲ့ ကျားဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်းကြောင့်ဖြစ်ပြီး ၄င်းဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်သို့ ပြောင်းသွားခြင်းဖြစ်တယ်လို့ American Hair Loss Association ရဲ့ လေ့လာမှုအရသိရပါတယ်။ DHT ဟာ ဆံချည်မျှင်အိတ်တွေကို ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေပါတယ်။ ဟော်မုန်းတွေမညီမျှခြင်းဖြစ်တဲ့အခါ တက်စတိုစတီရုန်းဟော်မုန်းတွေ ပိုထွက်လာပြီး DHT အဖြစ်သို့ ပြောင်းလဲမှုများဖြစ်သွားကာ ဆံပင်လည်းသိသိသာသာ ကျွတ်လာတတ်ပါတယ်။
6. စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း
သွေးဆုံးချိန်နဲ့သွေးဆုံးပြီးချိန်မှာ စိတ်ဓာတ်ကျခြင်းကို အမျိုးသမီးတိုင်းလိုလို အဓိကခံစားရ တတ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းနှစ်ခု-သိုင်းရွိက်ဂလင်းမှ ထုတ်တဲ့ ဆီရိုတိုနင်ဟော်မုန်းနဲ့ ပစ်ကျူထရီဂလင်းမှထုတ်တဲ့ အန်ဒိုဖင်ဟော်မုန်းတို့ နည်းသွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ၄င်းဟော်မုန်းနှစ်ခုလုံးထွက်နှုန်းများပါက နာကျင်မှုတွေကိုသက်သာစေနိုင်ပြီး နည်းမယ်ဆိုပါက ပျော်ရွှင်မှုနဲ့ အကောင်းမြင်စိတ်ဆိုတဲ့ ခံစားချက်တွေကို တားဆီးပိတ်ပင်ပစ်နိုင်ပါတယ်။ စိတ်လှုပ်ခြင်းဆိုတာကတော့ ၄င်းဟော်မုန်းနှစ်ခု အတက်အကျဖြစ်လွန်း အားကြီးခြင်းကြောင့် ပျော်ရွှင်မှုဟော်မုန်း ထွက်မလာတော့ဘဲ စိတ်အခြေအနေတည်ငြိမ်မှုမရှိတဲ့ အဖြစ်သို့ရောက်သွားရတာပါ။
7. အစာမကြေခြင်း၊ အစာအိမ်တွင် မအီမသာဖြစ်ခြင်း
ဟော်မုန်းတွေဟာ အစာခြေဖျက်ခြင်းအပိုင်းအပါအ၀င် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တိုင်းလိုလိုမှာ အဓိကအခန်းကဏ္ဌအနေနဲ့ ပါ၀င်ခြင်းရှိတာကြောင့် အစာမကြေခြင်းဟာလည်း ဟော်မုန်းမညီမျှခြင်းကြောင့်လို့ ယူဆနိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းမှာ တွေ့ရလေ့ရှိတဲ့ Gastrin, Secretin, Cholecystokinin ဟော်မုန်းသုံးခု မညီမျှတဲ့အခါ အစာခြေဖျက်မှုအားနည်း သွားစေကာ လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ လေတက်ခြင်း၊ အော့အန်ခြင်း စတဲ့အစာမကြေ လက္ခဏာရပ်တွေ ဖြစ်ပွားစေနိုင်ပါတယ်။ ရာသီလာစဉ်အတွင်းနဲ့ သွေးမဆုံးခင်အစောပိုင်းကာလမှာ ဖြစ်လေ့ရှိတတ်တဲ့ ဗိုက်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်းဟာ အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းဟော်မုန်း အထွက်နည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
8. အိမ်ထောင်ဖက်နှင့်အတူနေလိုစိတ်မရှိခြင်း
အမျိုးသမီးတွေမှာ ကလေးမွေးပြီးနောက်၊ သွေးမဆုံးခင်နဲ့ သွေးဆုံးပြီးအချိန်တွေမှာဆို ဟော်မုန်းမညီမျှမှု အဖြစ်များတတ်ပါတယ်။ ဒါဟာ တက်စတိုစတီရုန်းဟော်မုန်းနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး သားဥကြွေနှုန်း ကျဆင်းသထက် ကျဆင်းလျက်ရှိကာ သာကြွေခြင်းနည်းသွားလေ တက်စတိုစတီရုန်းဟော်မုန်းထွက်နှုန်း နည်းသွားလေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် အိမ်ထောင်မှုသုခရလိုစိတ်ကို ပျောက်စေပါတယ်။ နောက်တစ်ချက်အနေနဲ့က အီစထရိုဂျင်ဟော်မုန်းထွက်တာ နည်းခြင်းကြောင့်လည်း အမျိုးသမီးအင်္ဂါဆီသို့ သွေးရောက်ရှိမှုနည်းစေကာ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ရာဂစိတ်ဆန္ဒနည်းခြင်းကိုဖြစ်စေပါတယ်။
9. ရုတ်တရက် အစာစားလိုစိတ်ပြင်းပြလာခြင်း
တစ်စုံတစ်ရာကြောင့် ဖိစီးမှုခံစားရတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းကော်တီဇော level ကမြင့်တက်လာပြီး ၄င်းဖိစီးမှုတွေက အချိန်အတိုင်းအတာတစ်ခုအတွင်း ပြေလျော့သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်နေမယ် ဆိုရင် ကော်တီဇောဟော်မုန်းကလည်း မြင့်သထက်လာပါတယ်။ ဒီလိုကော်တီဇော level မြင့်ခြင်းက ဆာလောင်မှုကိုဖြစ်စေတဲ့ သွေးတွင်းသကြားဓာတ် level ကိုမြှင့်တင်ပေးလိုက်တာကြောင့် အစားအစာအပေါ် အာသာပြင်းပြစိတ်ဖြစ်လာစေပါတယ်။ ထို့အတူကော်တီဇော level ကျသွားခြင်းက လည်း သွေးတွင်း သကြားဓာတ်ကို ကျစေနိုင်ပါတယ်။ ထိုသို့ဆိုလျှင် သွေးတွင်းသကြားဓာတ်ကျသွားတာ ကောင်းတာပဲလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့်သွေးတွင်းရှိ သကြားဓာတ်ဟာ ကြွက်သားအတွက် စွမ်းအင်အဖြစ် သို့ ပြောင်းသွားတာကြောင့် ခန္ဓာကိုယ်တွင်းမှာ သကြားဓာတ်ဟာ ရှိသင့်သလောက်တော့ရှိဖို့ လိုပါတယ်။ သကြားဓာတ်တွေ လွန်စွာကျဆင်းသွားမယ်ဆိုရင်တော့ အားအင်ကုန်ခမ်းသွားသလို ခံစားရမှာဖြစ်ပြီး ဆာလောင်တယ်ဆိုတဲ့ခံစားချက်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ကော်တီဇော level က ပုံမှန်ဖြစ်နေဖို့ အရေးကြီးပါတယ်။ သိုင်းရွိက်ဂလင်းက သိုင်းရွိက်ဟော်မုန်းလုံလောက်အောင် မထုတ်ပေးနိုင်ပါ ကလည်း သွေးတွင်းသကြားဓာတ်တွေ လျော့ကျလွန်းကာ အစားစားလိုစိတ်ပြင်းပြမှုကို ဖြစ်စေပါတယ်။
10. မျက်သားခြောက်ခြင်း
မျက်ကြည်လွှာမှာရှိတဲ့ Meibomian Gland နဲ့ Iacrimal Glands နှစ်ခုဟာ မျက်ရည်ပုံမှန် ထုတ်နိုင်အောင်၊ မျက်စိကျန်းမာရေးကောင်းအောင် ဆောင်ရွက်ပေးတဲ့ ဂလင်းနှစ်ခုဖြစ်ပြီး ၄င်းတို့အား တက်စတိုစတီရုန်း (ယောက်ျားဟော်မုန်း) က အထောက်အပံ့ပေးပါတယ်။ ဟော်မုန်းမညီမျှခြင်းဟာ တက်စတိုစတီရုန်းထွက်ရှိမှုကို ကျဆင်းသွားစေတာကြောင့် မျက်ကြည်လွှာရှိ ဂလင်းနှစ်ခုကို ကောင်းစွာ အလုပ်မလုပ်စေနိုင်ဘဲဖြစ်စေကာ မျက်သားခြောက်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
No comments:
Post a Comment